About:

MILI Online Radio is one of our Disability Awareness Program of Myanmar Independent Living Initiative, managed by Persons with Disabilities from Myanmar those who are the old trainees of DUSKIN Leadership Training of Japan.

Milionlineradio`s Uploads

  • Disabled Athlete
    Disabled Athlete မြန်မာ့အသံ ရေဒီယိုအစီအစဉ်ကို နားသောတဆင်နေကြတဲ့ ပရိတ်သတ်များ မင်္ဂလာပါရှင် ….. ဒီအစီအစဉ်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က တင်ဆက်တာ ဖြစ်ပါတယ်။ (မနွေးဇာခြည်စိုး) ********************************************** သောတရှင်များရှင် ဒီကနေ့အစီအစဉ်မှာတော့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ခုနှစ်ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲမျာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေတဲ့ မသန်စွမ်း အားကစားသမား တစ်ဦးနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို နားသောတဆင်နေကြတဲ့ သောတရှင်များအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ မသန်စွမ်းသူများ အားကစားပွဲတော် အကြောင်းကို ကြိုတင်သိရှိနိုင်ဖို့ ရည်ရွယ်ပြီးတော့ ထုတ်လွှင့်တင်ဆက်တာ ဖြစ်ပါတယ်။ နားသောတဆင်ကြပါရှင်။ (နန်းသီရိထက်) ********************************************** မေး။ ။ မင်္ဂလာပါ။ ဖြေ။ ။ မင်္ဂလာပါ။ မေး။ ။ အကို့ရဲ့နာမည်နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်များကို ပရိတ်သတ်များသိအောင် မိတ်ဆက်ပေးပါရှင်။ ဖြေ။ ။ ဟုတ်ကဲ့ …… ကျနော့်နာမည်ကတော့ ၀ဏ္ဏကျော်စွာ ဖြစ်ပါတယ်။ ၃ နှစ်သားအရွယ်မှာ ပိုလီယိုရောဂါပိုးကြောင့် ခြေထောက်တစ်ဖက် မသန်ရာကစပြီးတော့ မသန်စွမ်းသူဘ၀ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျနော် နေ့စဉ် သွားလာလှုပ်ရှားရတဲ့ အခါမှာ အားပြုကိရိယာအဖြစ် ချိုင်းထောက် နှစ်ဖက်ကို အသုံးပြုရပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကျနော် ဒဂုံတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အခု ကျနော် လက်ရှိ လုပ်ဆောင်နေတာကတော့ မြန်မာ့လက်ရွေးစင် မသန်စွမ်း ဘတ်စကတ်ဘော ကစားသမားအဖြစ် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားကွင်းမှာ Camp ၀င်နေပါတယ်။ မေး။ ။ ဟုတ်ကဲ့ပါ။ မသန်စွမ်း အားကစားသမား တစ်ယောက်ဖြစ်လာအောင် အခုလို လေ့ကျင့်နေတယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ထားရှိပြီး လေ့ကျင့်နေတယ် ဆိုတာ ပရိတ်သတ်ကြီးသိအောင် ရှင်းပြပေးပါလားရှင်။ ဖြေ။ ။ အားကစားလှုပ်ရှားမှုဆိုတာက လူသားတို့ ကျန်းမာရေးအတွက် အကောင်းဆုံး လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ လူသားထဲက လူသားတွေဖြစ်တဲ့ ကျနော်တို့ မသန်စွမ်းသူတွေ အတွက်လည်း အလွန်အရေးပါတယ် …. အလွန်အရေးပါပါတယ် ….. ဒါကြောင့် ကျနော် ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အခုလို လှုပ်ရှားသင်ယူနေခြင်း ဖြစ်ပါတယ်။ ပြီးတော့ ၂၀၁၄၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ကျင်းပတော့မယ့် ခုနှစ်ကြိမ်မြောက် အရှေ့တောင်အာရှ Para Game အားကစားပွဲတော်ကြီးမှာ Wheel-chair Basket Ball ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လေ့ကျင့်နေတာ ဖြစ်ပါတယ်။ မေး။ ။ ဟုတ်ကဲ့ပါ ….. ကိုဝဏ္ဏအခု ပါဝင်ကစားနေတဲ့ Wheel-chair Basket Ball အဖွဲ့လေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီအဖွဲ့လေးအကြောင်းကို ပရိတ်သတ်ကြီး ပိုမိုသိရှိသွားအောင်လို့ ကိုဝဏ္ဏက အသေးစိတ် ရှင်းပြပေးပါလားရှင်။ ဖြေ။ ။ Wheel-chair Basket Ball ဆိုတာက သန်စွမ်းသူတွေ ကစားကြတဲ့ Basket Ball နည်းနဲ့ နည်းစံနစ်တွေအားလုံးတော့ တူပါတယ်။ ကွာသွားတာက ကျနော်တို့က Wheel-chair ပေါ်မှာထိုင်ပြီးတော့ ကစားရတာဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့က Wheel-chair ကိုလက်နဲ့လည်း တွန်းရတယ်။ ဘော်လုံးကိုလည်း လက်နဲ့ပေးဖို့ ကစားရတဲ့ ကစားနည်းဖြစ်ပါတယ်။ ကျနော်တို့ဆရာတွေက ကစားနည်းတွေထဲမှာ လက်ဝှေ့ထိုးတဲ့ ကစားနည်းပြီးလို့ရှိရင် ကျနော်တို့ Wheel-chair Basket Ball က အပင်ပန်းဆုံးလို့ ပြောပါတယ်။ ကျနော်တို့ ပင်ပန်းပေမယ့် ပျော်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိတ်သတ်တွေဆီက ပြန်ကြားတာက ဒီကစားနည်းက အရမ်း ကြည့်ကောင်းတာပဲလို့ ပြောတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မေး။ ။ ဟုတ်ကဲ့ပါ …… ကိုဝဏ္ဏက အခုလက်ရှိ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေတယ် ဆိုတာသိရပါပြီ။ အားကစားအပြင် တခြား ၀ါသနာပါတာ လေးများရှိရင် ပရိတ်သတ်ကြီးကို ဆက်လက်ပြီး မိတ်ဆက်ပေးပါလားရှင်။ ဖြေ။ ။ ဟုတ်ကဲ့ …. ကျနော် အားကစားအပြင် အနုပညာကိုလည်း ၀ါသနာပါပါတယ်။ ကဗျာရေးသားတာမျိုး …. ၀တ္ထုရေးတာမျိုး ၀ါသနာပါပါတယ်။ မေး။ ။ ဟုတ်ပါပြီ ….. ကိုယ်ဝါသနာပါတဲ့ အနုပညာနယ်ပယ်မှာလည်း ဘယ်လိုမျိုး ဆက်လက်ကြိုးစား အားထုတ်သွားမယ်ဆိုတာ ပရိတ်သတ်ကြီးသိအောင် ပြောပြပေးပါ ဦးရှင်။ ဖြေ။ ။ ဟုတ်ကဲ့ …. ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ကနေပြီးတော့ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်တော့မယ် အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်မှာ ကျနော့်အနေနဲ့ ၀တ္ထု၊ ကဗျာရေးသားခြင်းနဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်။ မေး။ ။ ဟုတ်ကဲ့ပါ ….. အခုလို မအားလပ်တဲ့ကြားကနေ မေးခွန်းအားလုံးကို ဖြေကြားပေးတဲ့အတွက် ကိုဝဏ္ဏကို အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကိုဝဏ္ဏ မျှော်လင့်ထားသလိုပဲ နိုင်ငံအတွက် အားထားရတဲ့ အားကစားသမားကောင်း တစ်ဦးဖြစ်လာပါစေ၊ အနုပညာရှင် တစ်ဦးဖြစ်လာပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးနေပါ့မယ်။ ဖြေ။ ။ ဟုတ်ကဲ့ …. ကျနော့်အနေနဲ့ အခုလို ဖြေကြားခွင့်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ နားသောတဆင်နေကြတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ ….. (မေး - မယမင်းဥမ္မာ၊ ဖြေ - ကိုဝဏ္ဏကျော်စွာ) ********************************************** မညှိုးပန်းတို့၏ဒိုင်ယာရီကဏ္ဍကို နားသောတဆင်ပြီး ဝေဖန်အကြံပြုလိုပါက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံး၊ အမှတ် (၁၆)/ဘီ၊ ရေတွင်းကြီးလမ်းသွယ်၊ သာယာအေးလမ်း၊ ရဲရန်အောင်မှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း - ၀၉-၄၅၀၀၆၇၂၄၇ သို့လည်းကောင်း၊ အီးမေးလ်ဖြင့် ဆက်သွယ်လိုပါက mili.onlineradioprogram@gmail.com သို့ လည်းကောင်း ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံးရဲ့ ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနေပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ….. (မနွေးဇာခြည်စိုး) ********************************************** ယခုအစီအစဉ်လေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ Myanmar Independent Living Initiative မှ စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ယခုလို အချိန်မျိုးမှာလည်း မညှိုးပန်းတို့၏ဒိုင်ယာရီ အစီအစဉ်လေးကို ဆက်လက် တင်ဆက်သွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေး နားဆင်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုပါတယ်။ (မနွေးဇာခြည်စိုး)
    milionline... 00:05:46 1.17 K 3 Downloads 0 Comments
  • Disability New Concept
    Disability New Concept မြန်မာ့အသံ ရေဒီယိုအစီအစဉ်ကို နားဆင်နေကြတဲ့ ပရိတ်သတ်များ မင်္ဂလာရှင် ….. ဒီအစီအစဉ်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က တင်ဆက်တာ ဖြစ်ပါတယ် ….. (မနွေးဇာခြည်စိုး) သောတရှင်များရှင် ….. ဒီကနေ့အစီအစဉ်မှာတော့ ၂၀၀၉ ခုနှစ်၊ ဇွန်လထုတ် အလင်းသစ် မသန်စွမ်းမှုဆိုင်ရာ သုတ၊ ရသ မဂ္ဂဇင်း အမှတ် (၂) မှာ ဆရာမောင်နန္ဒာ ရေးသားပြုစုတဲ့ မသန်စွမ်းမှု အမြင်သစ်ကို ရှုမြင်ခြင်း အကြောင်းကို ဖတ်ကြားတင်ပြပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နားသောတဆင်ပြီး မိမိတို့ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ မသန်စွမ်းသူများအပေါ် မသန်စွမ်းမှုဆိုင်ရာ အမြင်သစ်မှာ ဖော်ပြထားတဲ့အတိုင်း ရှုမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင် ….. (မကေခိုင်စိုး) ******************************************************************* (၁) ဧဒင်ရိပ်မြုံ၏ ဆောင်ပုဒ်မှာ မေတ္တာသည်သာ တတ်စွမ်းနိုင်တာ With love all things are possible. ဖြစ်သည်။ မေတ္တာရှိခြင်းကြောင့် ဖြစ်လာသည့် ကောင်းကျိုးတရားများနှင့် မေတ္တာမဲ့ခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးတရားများကို လူတိုင်းတွေ့ဖူး၊ ကြုံဖူး၊ သင်ခန်းစာ ယူဖူးကြသည်။ ဤလောက၌ ဆိုးကျိုးတရားများကို မည်သူမျှ မကြုံချင်၊ မဆုံချင်၊ မခံစားချင်ကြပါ။ ကောင်းကျိုးတရားကိုသာ ခံစားချင်ကြသော်လည်း ကောင်းကျိုးရကြောင်းကို လူတိုင်းမသိကြပါ။ သိပြန်ပါကလည်း သိသည့်လူတိုင်းသည် သိသည့်အတိုင်း မကျင့်နိုင်ကြပေ။ ထိုသို့ မသိခြင်း၊ မကျင့်နိုင်ခြင်း၏ အကြောင်းတရားများမှာ မိမိကိုယ်ကို ပတ်ဝန်းကျင် သို့မဟုတ် လောကနှင့် စည်းခြားထားသောကြောင့် ဖြစ်သည်။ တစ်နည်းပြောရလျှင် မိမိ၏ အကျိုးစီးပွားကို ပတ်ဝန်းကျင်၏ အကျိုးစီးပွား၊ လောက အကျိုးစီးပွားနှင့် မပေါင်းစပ်နိုင်သော မိမိ သို့မဟုတ် ငါ သို့မဟုတ် အတ္တကြောင့်ဟု ပြောရမည်ဖြစ်ပါသည်။ ဤတွင် ငါနှင့်ယှဉ်သော မေတ္တာသည် ကျဉ်းမြောင်းသော မေတ္တာ၊ ခွန်အားချိနဲ့သော မေတ္တာ၊ အတ္တသို့ ဦးတည်သော မေတ္တာဟု ဆိုရပါမည်။ ထိုမေတ္တာမျိုးတွင် ခင်ပွန်းနှင့်ဇနီး၏ မေတ္တာများ၊ သားနှင့်သမီး၊ မိဘ ညီအစ်ကို မောင်နှမများ၏ မေတ္တာများ အကျုံးဝင်နေပေလိမ့်မည်။ လောကနှင့်ယှဉ်သော မေတ္တာကမူ ကျယ်ဝန်းလှသည်။ ခွန်အား ကောင်းလှသည်။ လောကသို့သာ ဦးတည်နေပေမည်။ ထိုမေတ္တာမျိုးတွင် မြန်မာ၊ တရုတ်၊ ကုလား မရွေးဘဲ လူသားတိုင်းအပေါ် သက်ဝင်နိုင်သော မေတ္တာ၊ လူသားတို့၏ အကျိုးကိုလိုလားသော မေတ္တာမျိုးဖြစ်သည်ဟု ဆိုရပေမည်။ ဤမေတ္တာနှစ်မျိုးမှာ မေတ္တာ ဟု အခေါ်ချင်း တူသော်လည်း အမျိုးအစားချင်း မတူပါ။ အဆင့်အတန်း၊ အနိမ့်အမြင့်ချင်း မတူပါ။ ရပ်တည်ပုံချင်း မတူပါ။ မေတ္တာကြောင့်ရလာသည့် အကျိုးဖြစ်ထွန်းပုံချင်း မတူပါ။ (၂) လောကနှင့်ယှဉ်သော မေတ္တာ၊ လောကသို့ ရှေးရှုသော မေတ္တာမျိုးတွင် ဘက်လိုက်သည့် အဂတိသဘောများ မပါဝင်ပါ။ အဂတိသဘောပါလျှင် လောကအကျိုးပြု မေတ္တာမျိုးမဟုတ်ပါ။ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုသည့် အဂတိလေးပါးဖြင့် ဘက်မလိုက်တော့ပါ။ တစ်စုံတစ်ခုကို အကြောင်းပြု၍ ဘက်လိုက်မိသည်နှင့် တစ်ပြိုင်နက် အဂတိဖက်သည့် မေတ္တာဖြစ်သွားပါသည်။ အဂတိဖက်သည့်မေတ္တာ ဖြစ်သွားသောအခါ ထိုမေတ္တာမှာ စွမ်းရည်များ၊ အားမာန်များ ရှိနိုင်တော့မည်မဟုတ်ပါ။ ငါ့သား၊ ငါ့သမီး၊ ငါ့မိဘ၊ ငါ့ဆွေမျိုးအတွက် ထားရှိသည့် ထိုမေတ္တာတွင် အတ္တရှိနေပေတော့မည်။ ထိုမေတ္တာလမ်းကြောင်းတွင် ပြဿနာများ၊ မပြေလည်မှုများ၊ အနိုင်ကျင့်မှုများ၊ ရက်စက်မှုများ ပေါ်လာပေတော့မည်။ ဤသဘောမှာ သေချာသောသဘော၊ မုချသဘောပင် ဖြစ်သည်။ ဤသဘောကို နားလည်လက်ခံလျှင် မသန်စွမ်းမှု အမြင်သစ်၏သဘောကို ကောင်းစွာနားလည် လက်ခံလာမည်ဖြစ်သည်။ (၃) မသန်စွမ်းမှု အမြင်ဟောင်းတွင် မသန်စွမ်းသူတစ်ဦးဦးကို သန်စွမ်းသူတို့က သနားစရာရှုထောင့်ကလည်း မြင်နိုင်သည်။ ကံဆိုးမိုးမှောင်ကျသူ၊ ရှေးဘ၀၀ဋ်ကြွေးကို ပေးဆပ်နေရသူအဖြစ်လည်း ကောက်ချက်ချ သုံးသပ်သည်။ မိမိတို့၏ ရှေးရိုးစွဲ အစဉ်အလာ၊ ဘ၀နှင့် ပတ်ဝန်းကျင်ကပေးသည့် အသိမျိုးစုံနှင့် ကောက်ချက် အမျိုးမျိုးတို့က မသန်စွမ်းမှုကို သမရိုးကျအတိုင်းပင် ရှုမြင်လာကြသည်။ ဤအမြင်အားလုံးသည် အဂတိဖက်သည့် အမြင်များသာဖြစ်ကြောင်း မသန်စွမ်းမှု ရှေးရိုးစွဲအမြင်ရှိသူများက သူတို့ကိုယ်တိုင် မသိနိုင်ခဲ့ကြ။ သူတို့၏အမြင်များ အဂတိဖက်နေကြောင်း ဂရုမပြုမိကြ။ မောင်ဘက မျက်မမြင်ပဲ၊ မောင်နီက နားမကြားပဲ၊ မောင်ညိုက သူငယ်နာအကြောတင်းပဲ၊ မောင်မဲကတော့ ဥာဏ်ရည်နိမ့်ပဲ ဆိုသည့် မျက်မမြင်၊ နားမကြားစသည့် မပြည့်စုံမှုတစ်ခုခုကို အစွဲပြုအဂတိဖက်ပြီး မောင်ဘကိုလည်းကောင်း၊ မောင်နီကို လည်းကောင်း၊ မောင်ညိုကိုလည်းကောင်း၊ မောင်မဲကိုလည်းကောင်း လူမှုဆက်ဆံရေး နယ်ပယ်က ဘေးဖယ် ထားလိုက်ကြသည်။ လူမှုပတ်ဝန်းကျင်မှ လူအများစုသည် ထိုသို့ တစ်စုံတစ်ခု ချို့ယွင်းအားနည်း မပြည့်စုံသူတို့နှင့် လက်မတွဲချင်တော့။ ထိုသူတို့တွင် ငုပ်လျှိုးပုန်းကွယ်နေသည့် စွမ်းရည်များကို မဖော်ထုတ်ချင်တော့။ အသိအမှတ် မပြုလိုတော့။ ဤသို့ဖြစ်ရခြင်းမှာ တစ်စုံတစ်ခု မပြည့်စုံမှုအပေါ် သန်စွမ်းသူ အများထုက အဂတိဖက် အမြင်မျိုးဖြင့်သာ မြင်နေကြ၍ဖြစ်သည်။ ထိုသို့မြင်နေကြဦးမည်ဆိုလျှင် ထိုလူမှု ပတ်ဝန်းကျင်သည် နေချင်စဖွယ်ကောင်းတော့မည် မဟုတ်တော့။ သာယာသည့် လှုမှုပတ်ဝန်းကျင် ဖြစ်တော့မည် မဟုတ်တော့။ ဤသို့ဆိုရခြင်းမှာ ၁၀% မျှသော မသန်စွမ်းသူတို့၏ မျက်ရည်များ၊ သက်ပြင်းချသံများ၊ အထီးကျန်ဆန်မှုများ၊ လူသားဆန်ဆန် မခံစားရဘဲ လူ့သိက္ခာကျမှုများ စသည့် ရင်နင့်ဖွယ်၊ ကြေကွဲဖွယ်ဖြစ်ရပ်များအဖြစ် ရှည်ကြာနေဦးမည်မှာ သေချာသောကြောင့် ဖြစ်သည်။ (၄) အဂတိဖက်သော မေတ္တာတွင် ငါနှင့်ငါဦးစီးသော အသိုင်းအ၀န်းချမ်းသားရေး၊ လွတ်မြောက်ရေးကိုသာ ရှေးရှုသည်။ အခြားလူသားများကို ငါဦးစီးသော မေတ္တာက ကန့်ထားသည်။ ငြင်းထားသည်။ ထို့ကြောင့် ငါဦးစီးသော မေတ္တာဝန်းကျင်၌ လောဘအမှောင်များလျက်ရှိသည်။ ထိုသို့ပင် ဒေါသမီးများ ဟုန်းဟုန်း တောက်လျှက်ရှိသည်။ မာနလေများ ဟူးဟူးထန်လျှက်ရှိသည်။ ငြိမ်းချမ်းခြင်းဟူ၍ မရှိတော့။ ဤသည်မှာ လူတိုင်းမြင်နေ၊ တွေ့နေရသော လူမှုပတ်ဝန်းကျင်၏ အနိဋ္ဌာရုံများသာ ဖြစ်တော့သည်။ မသန်စွမ်းမှု အမြင်သစ်တွင် မသန်စွမ်းသူ တစ်ဦးအတွက်သာ သိက္ခာရှိရေး၊ အများနှင့်တန်းတူ နေနိုင်ရေးအတွက် မဟုတ်ပေ။ မသန်စွမ်းသူ တစ်ဦးတစ်ယောက်တည်း အများနည်းတူ တန်းတူနေနိုင်ခြင်း ဆိုသည်မှာလည်း ဤလူမှုပတ်ဝန်းကျင်တွင် ရှိနေနိုင်သော ရှိကောင်းသော ရှိနိုင်သော အရာမဟုတ်ပေ။ မသန်စွမ်းသူ လူသားတစ်ရပ်လုံး သိက္ခာရှိရှိနေနိုင်ခြင်း၊ အခြားလူသားများနည်းတူ အခွင့်အလမ်းတန်းတူရရှိခြင်းတို့ ရှိပါမှ မသန်စွမ်းသူ တစ်ဦးချင်းတို့၏ ဘ၀အစစ်အမှန် ငြိမ်းချမ်းခြင်းဖြစ်လာပေမည်။ နေချင့်စဖွယ် လူသားပတ်ဝန်းကျင် ဖြစ်ပေါ်လာပေမည်။ ဤသို့ဆိုရခြင်းမှာ မသန်စွမ်းသူ လူသားထုသည် လူမှုဝန်းကျင်ထဲတွင် ၁၀%မျှသော လူဦးရေအဖြစ် အသက်ရှင် ပါရှိနေသောကြောင့် ဖြစ်သည်။ ထိုမသန်စွမ်းထု၏ ဆွေမျိုးသားချင်းများပါ လူမှုဝန်းကျင်ထဲ၌ ရှိနေဦးမည် ဖြစ်သောကြောင့် မျက်မှောက် ကမ္ဘာတွင် မသန်စွမ်းသူ လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းသာယာရေးသည် လူမှုဝန်းကျင်၏ အရေးပါသော အရေးကိစ္စကြီး တစ်ခုဖြစ်ကြောင်း ထင်ရှားနေပါသည်။ တစ်စုံတစ်ဦးအတွက်ဖြစ်စေ၊ မသန်စွမ်းသူ တစ်စုတစ်ဖွဲ့အတွက်ဖြစ်စေ သိက္ခာရှိရေး၊ အများနှင့်တန်းတူ အခွင့်အရေးရရှိရေးကို ဦးတည်လျှက် လူမှုပတ်ဝန်းကျင်ကိုကွက်၍ လည်းကောင်း၊ ၀ိုင်း၍လည်းကောင်း၊ ဖန်တီးပြောင်းလဲ၍ မရနိုင်ပါ။ ဥပမာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ၊ နားမကြားသူ၊ မျက်စိမမြင်သူတို့ လူမှုဝန်းကျင်ထဲ လွယ်ကူချောမွေ့စွာ ၀င်ဆံ့နိုင်ရေးအတွက် ပြတိုက်များ၊ အများဆိုင် အဆောက်အအုံများ၊ ပန်းခြံများ၊ ကားများ၊ ရထားများ၊ လမ်းများ၌ မသန်စွမ်းသူတို့ သွားလာလှုပ်ရှားနိုင်ရန် ဖန်တီးပြုပြင်ထားရပါမည်။ ထို့ကြောင့် မသန်စွမ်းသူတစ်ဦး သို့မဟုတ် မသန်စွမ်းသူ တစ်စုအတွက်သာ ဖန်တီးပြုပြင်၍မရကြောင်း၊ အထက်တစ်နေရာတွင် ဆိုခဲ့ခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အတွက် အဂတိဖက်၍ မရကြောင်း ထင်ရှားသော သာဓက တစ်ခုဖြစ်ပါသည်။ မသန်စွမ်းမှုအမြင်သစ်သည် တစ်စုံတစ်ဦး သို့မဟုတ် လူတစ်စုကိုသာ အထူးပြု စောင့်ရှောက်ခြင်း၊ အထူးကျောင်းများ တည်ထောင်ပေးခြင်း၊ ဂေဟာများ ထူထောင်ပေးခြင်းတို့ကို ငြင်းပါသည်။ ဤသို့ငြင်းရခြင်းမှာ ထိုလုပ်ငန်းများသည် မသန်စွမ်းသူများကို အမှီခိုခံများအဖြစ် ရှုမြင်သောကြောင့် ဖြစ်သည်။ အမှီခိုခံများဟု မသန်စွမ်းသူများကို ရှုမြင်ခြင်းသည်ပင် အဂတိဖက်အမြင်ဖြစ်ကြောင်း နားလည်နိုင်ပါသည်။ အမှန်တကယ် အဂတိဖက်လိုသော အမြင်ဖြင့်ရှုမြင်ခြင်း မဟုတ်သော်လည်း ထိုအမြင်တွင် အဂတိသဘော ပါဝင်နေကြောင်း သိသာလှပါသည်။ ထို့အပြင် အထက်ဖော်ပြပါ လုပ်ငန်းများသည် မသန်စွမ်းထုတစ်ရပ်လုံး အကျုံးမ၀င်သော အကျိုးဆောင်မှုကြောင့်ဟုလည်း ဆို၍ရနိုင်ပါသည်။ စင်စစ် မသန်စွမ်းသူ လူသားထု တစ်ရပ်လုံး၏အရေးသည် မသန်စွမ်းသူ တစ်ဦးစီနှင့်သာမက သန်စွမ်းသူ လူသားတစ်ရပ်လုံး၏ အရေးဟုဆိုရပါမည်။ (၅) မိသားစုမေတ္တာမျိုးဖြင့် မသန်စွမ်းမှု အမြင်သစ်အရေးကိစ္စများကို ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ လောကနှင့် ယှဉ်သော မေတ္တာမျိုးဖြင့်သာ လူသားထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရပါသည်။ မသန်စွမ်းသူ လူသားထု၏ အကျိုးစီးပွား ဖြစ်ထွန်းခြင်းသည် လူသားထု တစ်ရပ်လုံး၏ အကျိုးစီးပွား ဖြစ်ထွန်းခြင်းပင် ဖြစ်တော့သည်။ လောကနှင့်ယှဉ်သော မေတ္တာ၊ လောကသို့ရှေးရှုသောမေတ္တာမျိုး ထားရှိနိုင်လျှင် ထိုမေတ္တာမျိုးသည် အရာရာကို စွမ်းနိုင်သော အောင်နိုင်သော အင်အားများ ဖြစ်လာ ပေတော့မည်။ လောကနှင့်ယှဉ်သော မေတ္တာထားရှိလာလျှင် မျက်မမြင်ကို မျက်မမြင်ဟု မမြင်နိုင်တော့။ နားမကြားကို နားမကြားဟု မထူးမပြုတော့။ ကိုယ်အင်္ဂါမသန်စွမ်းသူကို ကိုယ်အင်္ဂါမသန်စွမ်းသူဟု သီးခြား မခံစားတော့။ ထိုသူတို့ မပြည့်စုံသလို လူတိုင်းကိုယ်စီ ပြည့်စုံကြသည်မဟုတ်ဟု ခံယူပြီး ဖြစ်နေကြပေမည်။ No man is perfect. ဆိုသကဲ့သို့ လူတိုင်း ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ကြသည်ကိုတော့ အများလက်ခံပြီး ဖြစ်နေသည်မဟုတ်ပါလား။ တစ်စုံတစ်ဦးသည် ကိုယ်အင်္ဂါသန်စွမ်း ပြည့်စုံသည်၊ နားကြားသည်၊ မျက်စိမြင်သည်၊ ဥာဏ်ရည်ကောင်းသည်၊ သို့သော် ထိုသူသည် တစ်ပါးသူ၏ ပစ္စည်းဥစ္စာကို မတရားလိုချင်မှုနှင့် ခိုးသည်။ လုယက်သည်။ နှိပ်စက်သည်။ တစ်ပါးသူကို သတ်သည်။ ထိုသူကို ပြည့်စုံသူဟုဆို၍ ရပါမည်လား။ ထို့အတူ တစ်ပါးသူ၏ အိမ်ယာကို ပစ်မှားသူ၊ အများပြည်သူနှင့်ဆိုင်သော ဥစ္စာကို လိမ်လည်ခိုးဝှက်သူ၊ ဒေါသကြီးလွန်းသူ၊ မာနထောင်လွန်းသူ၊ အတ္တထူလွန်းသူတို့ကိုရော ပြည့်စုံသူများဟု ဆိုနိုင်ပါမည်လား။ စင်စစ် ထိုသူများသည်သာ မသန်စွမ်းသူများ ဖြစ်ကြသည်ဟု ဆိုရပါမည်။ ဤသို့လျှင် အပြန်အလှန်ရှုမြင်ထားသော လူသားအမြင်ဖြင့် မသန်စွမ်းသူတို့အား သန်စွမ်းသည့် တစ်နေရာက လောကအကျိုးပြု လုပ်ငန်းများ ပါဝင်ခွင့်ပေးမည် ဆိုပါလျှင် မသန်စွမ်းသူတို့သည် လောကအကျိုးပြု လူသားများ မုချဖြစ်လာပေတော့မည်။ မသန်စွမ်းသူတိုင်းကို တစ်ထောင့်တစ်နေရာက သန်စွမ်းရမည်ဟု အကြွင်းမဲ့ ဆိုနေခြင်းတော့ မဟုတ်ပါ။ အကြွင်း ရှိနေပါမည်။ ယင်းမှာ လောကသဘာဝပင် မဟုတ်ပါလား။ မသန်စွမ်းသူတို့အပေါ် ထားရမည့် လူကိုလူကဲ့သို့မြင်ရေးသည် လွယ်လှသည်တော့ မဟုတ်။ မလွယ်သော်လည်း လူကိုလူကဲ့သို့မြင်အောင်ကြည့်ရေးမှာ လူသားတိုင်း၏ လူသားတာဝန်ဖြစ်ပါသည်။ လူကိုလူကဲ့သို့မြင်ရေးတွင် ကုလားကို ကုလား၊ တရုတ်ကို တရုတ်ဆိုသော အသိများကိုဖုံခါချပြီး လူဟုပင် ရိုးရိုးရှင်းရှင်းမြင်ပါမှ လူကိုလူကဲ့သို့မြင်သည့်အမြင်၊ လူသားအမြင်ဖြစ်တော့သည်။ တစ်စုံတစ်ဦးသည် တရုတ်ကို တရုတ်၊ ကုလားကို ကုလား၊ သူဋ္ဌေးကို သူဋ္ဌေး၊ ဆင်းရဲသားကို ဆင်းရဲသား စသည်ဖြင့် လူ၏အပေါ်ယံ အရောင်အဆင်းများကိုသာ အဓိကထားမြင်နေပါမူ ထိုသူ၌ လူသားအမြင် မရှိသေးဟုဆိုရပါမည်။ လူသားအမြင် မရှိသေးသောကြောင့် ထိုသူသည် မသန်စွမ်းသူတို့အပေါ် မျက်မမြင်ဟု လည်းကောင်း၊ နားမကြားဟု လည်းကောင်း၊ ဥာဏ်ရည်နိမ့်ဟု လည်းကောင်း ….. လူသားဖြစ်ခြင်းကို ခုန်ကျော်၍ နားလည်ခံစားနေဦးမည်။ သူ၏ မေတ္တာသည်လည်း မိသားစုမေတ္တာမှ မည်သည့်အခါမျှ လွတ်မြောက်တော့မည် မဟုတ်တော့။ စွမ်းနိုင်သော မေတ္တာဆိုသည်မှာ အများအကျိုးကို အမှန်တကယ် လိုလားသော မေတ္တာမျိုးသာ ဖြစ်တော့သည်။ (မနွေးဇာခြည်စိုး) ***************************************************************** မညှိုးပန်းတို့၏ဒိုင်ယာရီကဏ္ဍကို နားသောတဆင်ပြီး ဝေဖန်အကြံပြုလိုပါက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံး၊ အမှတ် (၁၆)/ဘီ၊ ရေတွင်းကြီးလမ်းသွယ်၊ သာယာအေးလမ်း၊ ရဲရန်အောင်မှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း - ၀၉-၄၅၀၀၆၇၂၄၇ သို့လည်းကောင်း၊ အီးမေးလ်ဖြင့် ဆက်သွယ်လိုပါက mili.onlineradioprogram@gmail.com သို့ လည်းကောင်း ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံးရဲ့ ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနေပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ….. (မနွေးဇာခြည်စိုး) ***************************************************************** ယခုအစီအစဉ်လေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ Myanmar Independent Living Initiative မှ စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ယခုလို အချိန်မျိုးမှာလည်း မညှိုးပန်းတို့၏ဒိုင်ယာရီ အစီအစဉ်လေးကို ဆက်လက် တင်ဆက်သွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်အားပေး နားဆင်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုပါတယ်။ (မနွေးဇာခြည်စိုး)
    milionline... 00:13:03 958 4 Downloads 0 Comments
  • 14th DUSKIN Leadership Trainee
    14th DUSKIN Leadership Trainee မြန်မာ့အသံ ရေဒီယိုအစီအစဉ်ကို နားဆင်နေကြတဲ့ ပရိတ်သတ်များ မင်္ဂလာပါရှင် ….. ဒီအစီအစဉ်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က တင်ဆက်တာ ဖြစ်ပါတယ်။ (မနွေးဇာခြည်စိုး) ********************************************** သောတရှင်များခင်ဗျာ ….. ဒီကနေ့အစီအစဉ်မှာတော့ ခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်း တက်ရောက်ဖို့ရန် ခေတ္တ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မစိုးမိုးဦးကို အင်တာနက်အွန်လိုင်း Skype မှတဆင့် ဆက်သွယ်မေးမြန်းချက်များကို ပြန်လည်ကောက်နှုတ် တင်ပြမှာဖြစ်ပါတယ်။ မစိုးမိုးဦးဟာ မသန်စွမ်းသူဘ၀ကို ရောက်ရှိလာပေမယ့် ဘ၀ကိုအရှုံးမပေးဘဲနဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခုကဲ့သို့ ဂျပန်နိုင်ငံမှာ ပညာတော်သင် သွားရောက်ဖို့ ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ နားသောတ ဆင်ကြပါ။ (ကိုအောင်ကိုမြင့်) ********************************************** မေး။ ။ မင်္ဂလာပါ ညီမလေး။ ဖြေ။ ။ ဟုတ်ကဲ့….. မင်္ဂလာပါ။ မေး။ ။ပထမဦးဆုံး ညီမလေးရဲ့ အကြောင်းကို ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦး ..... ဖြေ။ ။ဟုတ်ကဲ့ရှင့် …. သမီးနည်မည်က စိုးမိုးဦးပါ … သမီးရဲ့ဇာတိကတော့ မကွေးတိုင်းဒေသကြီး၊ မိကျောင်းရဲမြို့နယ်၊ စစ်ကိုးပင်ကျေးရွာ ဖြစ်ပါတယ်၊ သမီးရဲ့ ပညာအရည်အချင်း ကတော့ BSC.Physicsနဲ့ မကွေးတက္ကသိုလ်ကနေ ၂၀၀၆ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်ရှင့် …. အသက်ကတော့၂၆နှစ်ပါ၊ မသန်စွမ်းမှု အမျိုးအစားကတော့ ပိုလီယိုပါရှင့်။ မိသားစုကတော့ အဖေရယ်၊ အမေရယ်၊ ညီမလေးရယ်၊ (၄)ယောက်ရှိပါတယ်ရှင့်။ မေး။ ။ အခု မစိုးမိုးဦးက ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတယ်လို့ သိရပါတယ် .... အခုလို ဂျပန်နိုင်ငံထိ လာရောက်ပညာသင်ယူဖြစ်ခဲ့ပုံကို သိပါရစေ ..... ဖြေ။ ။ဟုတ်ကဲ့ … အခုလိုတက်ရောက်ခွင့် ရခဲ့တာကတော့ သမီးအသက် ၂၀အရွယ် ရောက်တဲ့တိုင်အောင် မသန်စွမ်းမှုဆိုတာ ဘာမှန်းမသိခဲ့ပါဘူးရှင့်၊ သူငယ်ချင်းတွေက ဘွဲ့ရလို့ အလုပ်ကိုယ်စီလုပ်နေတဲ့ အချိန်မှာ အများနည်းတူ … ဆရာဖြစ်သင်တန်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တွေကို အကြိမ်ပေါင်းများစွာ လျှောက်ထားခဲ့ပေမယ့်လည်း သမီးက မသန်စွမ်းဖြစ်တဲ့အတွက် မသန်စွမ်းမှုကို အကြောင်းပြုပြီး ရွေးချယ်ခြင်း မခံခဲ့ရပါဘူးရှင့် …. အဖေအမေရဲ့ လယ်ကထွက်တဲ့အသီးအနှံတွေကို ရောင်းဖို့ပြင်ဆင်ပေးရတာနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေခဲ့တာပေါ့နော် … အရမ်းစိတ်ဓါတ်ကျခဲ့ရတဲ့ အချိန်ပေါ့ … အဲဒီလိုနဲ့ပဲ ၂၀၀၈ခုနှစ်မှာ AARမသန်စွမ်းသူများ သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှာ စက်ချုပ်ပညာကို လေ့လာဆီးပူးခွင့် ရရှိခဲ့ပါတယ်၊ အဲဒီမှာဘ၀တူ ညီအစ်ကိုမောင်နှမတွေနဲ့တွေ့ပြီး မသန်စွမ်းမှုအကြောင်းကို စတင်ပြီးတော့ စိတ်ဝင်စားလာခဲ့ပါတယ်ရှင့် … အဲဒီသင်တန်းမှာ သမီးဆရာမတစ်ယောက်နဲ့ ထဲထဲဝင်ဝင်ရင်းနှီးခဲ့ပါတယ် … သင်တန်းကပြီးလို့ ပြန်သွားပေမယ့်လည်း ဆရာမနဲ့က အဆက်အသွယ်မပြတ် ရှိနေခဲ့တယ်ပေါ့နော် …. ဆရာမကိုယ်တိုင်လည်း မသန်စွမ်းဖြစ်ပြီး မသန်စွမ်းကိစ္စကို စိတ်ဝင်စားတဲ့သူဆိုတော့ ဒီလိုပဲ အကြံဥာဏ်တွေပေးရင်းနဲ့ မသန်စွမ်းလောကထဲကို စတင်ရောက်ရှိခဲ့ပါတယ် ……. အခုလည်းဆရာမက ဒီDUSKINသင်တန်းကိုရော ကြိုးစားကြည့်ပါလားဆိုတာနဲ့ ကြိုးစားကြည့်ရင်းနဲ့ တက်ရောက်ခွင့် ရခဲ့တာပါရှင့်။ မေး။ ။လက်ရှိဆည်းပူးနေတဲ့ ပညာရပ်တွေအကြောင်းလည်း ပြောပြပေးပါဦး။ ဖြေ။ ။ဟုတ်ကဲ့ ….. အခုသမီး လက်ရှိဆည်းပူးနေတဲ့ပညာရပ်တွေကတော့ ဂျပန်နိုင်ငံရဲ့ မသန်စွမ်းသူများ ဥပဒေ၊ -မသန်စွမ်းသူတွေ သွားလာမှု လွယ်ကူစေရန်အတွက် စီမံထားရှိတဲ့ အတားအဆီး ကင်းမဲ့ဇုန် Barrier Free တွေပေါ့နော်၊ မသန်စွမ်းသူများ ကိုယ်တိုင်ဆုံးဖြတ်ဘ ၀ရပ်တည်နိုင်ဖို့ အတွက် Independent Living Centerတွေ၊ တောရွာလေးတွေမှာ မသန်စွမ်းအဖွဲ့အစည်း တွေကို ဘယ်လိုစဖွဲ့မလဲ ဆိုတာတွေ၊ အဖွဲ့အစည်းတစ်ခုကို ဘယ်လိုစီမံအုပ်ချုပ်မလဲ ဆိုတာတွေပေါ့နော် အစရှိသဖြင့် မသန်စွမ်းနဲ့ ပတ်သက်တာတွေ အားလုံးနဲ့ အချို့အပိုင်းတွေကတော့သင်ဆရာဆိုတာ မရှိပေမယ့်လည်း မြင်ဆရာ … ကြားဆရာနဲ့ပဲ ….. တွေ့တွေ့သမျှ ပညာအားလုံးကို လေ့လာနေပါတယ်ရှင့်။ မေး။ ။ဟုတ်ပါပြီ ….. ညီမလေးနဲ့အတူ လာရောက်ပညာဆည်းပူးနေတဲ့ သူတွေက ဘယ်နိုင်ငံတွေကလဲ ဆိုတာလည်း သိပါရစေ .... သူတို့နဲ့အတူ ညီမလေး ပညာဆည်းပူးရတဲ့ အတွေ့အကြုံ (ဒါမှမဟုတ်) ခံစားချက်လေးကိုလည်း ပြောပြပါဦး ..... ဖြေ။ ။ ဟုတ်ကဲ့ရှင့် …. သမီနဲ့အတူတူ သင်တန်းသား အားလုံးပေါင်း သမီးအပါအ၀င် (၇) ယောက်ရှိပါတယ်ရှင့် …. ထိုင်ဝမ်က အမျိုးသားရယ်၊ နီပေါလ်က အမျိုးသမီးရယ်၊ သမီးရယ်ကတော့ ၀ှီးချဲလ် အသုံးပြုသူပေါ့နော်။ ကမ္ဘောဒီးယားက အမျိုးသမီးရယ်၊ မလေးရှားက အမျိုးသားရယ်က အမြင်အာရုံ အားနည်းတဲ့သူ၊ ဖိလစ်ပိုင်က အမျိုးသားရယ်၊ မော်လဒီဘူက အမျိုးသားရယ် ၂ ယောက်ကတော့ အကြားအာရုံ အားနည်းတဲ့သူ၊ အားလုံးပေါင်း ၇ ယောက်ပါရှင့်။ ဟုတ် …. သူတို့နဲ့အတူ လေ့လာဆည်းပူးခွင့် ရတဲ့အတွက် ဂျပန်နိုင်ငံမှာ လေ့လာခွင့်ရတဲ့ အသိပညာသာမကပဲ သူတို့အားလုံးရဲ့ နိုင်ငံတိုင်းရဲ့ တိုးတက်မှုတွေကိုပါ လေ့လာခွင့်ရရှိပါတယ်ရှင့် ….. မေး ။အခုလို ဂျပန်မှာ ပညာဆည်းပူးပြီး မြန်မာပြည်ကို ပြန်ရောက်လာမယ့် အခါမှာလည်း ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေရှိရင်လည်း ပြောပြပေးပါ ...... ဖြေ။ ။ဟုတ်ကဲ့ရှင့် …. သမီးဂျပန်ကို မရောက်ခင်ကတော့ မြန်မာပြည်က မသန်စွမ်းတွေ အားလုံးအတွက် ဆိုပြီးတော့ပဲ စဉ်းစားခဲ့တာပေါ့နော် …. အခုဂျပန်မှာ သမီးပညာသင်ရတာ နေဖို့စားဖို့ လုံးဝပူစရာမလိုဘဲ ပညာသင်ကြားခွင့် ရခဲ့တာပါ … အဲဒါတောင်မှ ဒီအချိန်ဆိုရင် မြန်မာပြည်ကလူတွေ ဘာတွေလုပ်နေကြပြီ ….. ဒီအချိန်ဆိုရင် အိမ်ကလူတွေ ထမနဲ တွေစားနေကြပြီ … ဒီအချိန်ဆိုရင် သင်္ကြန်ဖြစ်တဲ့အတွက် မြန်မာပြည်က နေရာတိုင်းမှာ ပျော်စရာကောင်းနေပြီ အစရှိသဖြင့်ပေါ့နော် … အမြဲသတိရနေမိပါတယ် …. ဒီမှာအလုပ်လုပ်ချင်ရင် အခွင့်အရေးဆိုတာ ရှိနေပေမယ့် နည်းနည်းမှ စိတ်မ၀င်စားဘူး …. သင်တန်းပြီးရင် မြန်မာပြည်ကိုပဲ ပြန်ချင်တယ် …. အဲဒီလိုပဲ အခြားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သူတွေလည်း မြန်မာပြည်မှာသာ အဆင်ပြေပြေလေးနဲ့ ဘ၀ကိုဖြတ်သန်းခွင့် ရှိမယ်ဆိုရင် မြန်မာပြည်မှာပဲ ပြန်ပြီးနေချင်ကြမယ် ဆိုတာသေချာပါတယ် …. သူတို့တွေနဲ့ စကားတွေ ပြောဖြစ်နေတော့ ခံစားချက်တွေကို ကိုယ်ချင်းစာမိတယ် … သူများနိုင်ငံသားတွေ အဆင့်အတန်း မြင့်မြင့်လေးနဲ့ နေတာထိုင်တာတွေ့တော့ သမီးကလည်း သမီးနိုင်ငံက လူတွေကိုလည်း ဒီလိုဘ၀မျိုးရစေချင်တယ် …. သမီးရဲ့ အနာဂတ် ရည်မှန်းချက်က မသန်စွမ်းတွေအားလုံး အပြင် မြန်မာပြည်သားတွေ အားလုံးရဲ့ လူနေမှုဘ၀ ပူပန်ကြောင့်ကြမှုမရှိဘဲ အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါရှင့်။ မေး ။ ညီမလေးအနေနဲ့ မသန်စွမ်းသူ မြန်မာ မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် အခုလို တိုင်းတစ်ပါးမှာ လာရောက် ပညာဆည်းပူးခွင့် ရတဲ့အတွက် ရင်ထဲက စကားသံလေးလည်း သိပါရစေ ..... ဖြေ။ ။ဟုတ်ကဲ့….ဒီအခွင့်အရေးက သမီးဘ၀မှာ ဘယ်တုန်းကမှ မျှော်လင့် မထားတဲ့အရာပါ … ပြီးတော့ သမီးတို့အခု သင်တန်းသား (၇)ယောက်က အာရှဖစိတ်ဖိတ်ဒေသ တစ်ခုလုံးရဲ့ သင်တန်းသားပေါင်း (၂၅၀) ကျော်ထဲကနေ အရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်ရှင့် .... သမီးအခုလို ပညာဆည်းပူးခွင့် ရခဲ့တဲ့အတွက် သမီးထက် သမီးရဲ့ အမေနဲ့အဖေက ပိုပြီးပျော်တယ် …. အထူးသဖြင့် သမီးကရွာမှာနေတဲ့ မသန်စွမ်းတစ်ယောက်ဖြစ်တော့ ပိုပြီးပျော်တာပေါ့နော် … ပထမတော့ အဆင်မပြေတာလေးတွေ ရှိခဲ့ပါတယ် ….. အစားအသောက်က အစ … ဘာသာစကားက အစပေါ့နော် …. နောက်ပိုင်းတော့ အားလုံးအဆင်ပြေပါတယ် …. ဘယ်နေရာကိုသွားသွား တစ်ယောက်တည်း သွားရတယ် ….. လေ့လာရတဲ့ နေရာတိုင်းရဲ့ အကြီးဆုံး ခေါင်းဆောင်ရဲ့ အရေးပေးမှုကိုခံရတယ် …. သမီးကိုယ်သမီးလည်း အရင်ကထက်ပိုပြီး ယုံကြည်မှုတွေ ရှိလာတယ် …… အရင်ကဆိုရင် ငါလုပ်နိုင်ပ့ါမလားဆိုတဲ့ အတွေးကခေါင်းထဲမှာ အမြဲရှိနေခဲ့တာ …. အခုတော့ … ဘယ်အရာမဆို ငါလုပ်နိုင်ရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိလာပါတယ် … အဲဒီအတွက်လည်း သမီးကိုယ်သမီး အတိုင်းမသိ ပျော်ရွှင်မိပါတယ်ရှင့် …… မေး။ ။ဟုတ်ပါပြီ …… ဒီ DUSKIN ပညာတော်သင်ခွင့် ရတဲ့ထဲမှာ ညီမလေးက ဘယ်နှစ်ယောက်မြောက်လဲ .... ရှေ့က စီနီယာတွေရှိရင်လည်း မိတ်ဆက်ပေးပါဦး ..... ဒီ DUSKIN သင်တန်းက အခုက (၁၄) ကြိမ်မြောက်ပါရှင့် …. ပထမ တစ်ယောက်ကတော့ မမေခန့်ချစ်ခင် …. အမြင်အာရုံအားနည်းတဲ့သူပေါ့နော် …. သူကတော့ သင်တန်းရဲ့ ပထမဆုံး အကြိမ်မြောက်မှာ တက်ခွင့်ရခဲ့တာပါရှင့် …. ဒုတိယ တစ်ယောက်ကတော့ ဦးအောင်ကိုမြင့် …. အမြင်အာရုံ အားနည်းတဲ့သူပေါ့နော် …. (၂) ကြိမ်မြောက်မှာ တက်ခွင့်ရခဲ့တာပါ …. တတိယ တစ်ယောက်ကတော့ ဦးနေလင်းစိုး …. ကိုယ်အင်္ဂါမသန်စွမ်းပါရှင့် …. (၇) ကြိမ်မြောက်မှာ တက်ခွင့်ရခဲ့တာပါ …. စတုတ္ထ တစ်ယောက်ကတော့ မအေးသဉ္ဇာထွန်း …. သူကတော့ အကြားအာရုံ အားနည်းတဲ့သူပါရှင့် …. သူကတော့ (၁၂) ကြိမ်မြောက်မှာ တက်ခွင့်ရခဲ့တာပါ ….. ပဉ္စမမြောက်ကတော့ သမီးပေါ့နော် …. သမီးကတော့ ကိုယ်အင်္ဂါမသန်စွမ်း …. (၁၄) ကြိမ်မြောက်ပါရှင့် ….. မေး ။ညီမလေးအနေနဲ့ ယနေ့ခတ် လူငယ်တွေကို ဘယ်လို သတင်းစကားလေးများ ပေးချင်ပါသလဲ …… ဖြေ။ ။ဟုတ်ကဲ့ရှင့် …… သမီးအနေနဲ့ ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက် ဆိုတဲ့စကားပုံ အတိုင်းပေါ့နော်….. ရည်မှန်းချက်ပန်းတိုင်ကို စွဲစွဲမြဲမြဲ ဆုတ်ကိုင်ပြီး ကြိုးစားကြပါလို့ …. အချိန်မြန်တာနဲ့ နှေးတာပဲကွာမယ် …. တစ်နေ့တော့ ကြိုးစားခဲ့တဲ့ ရလဒ်အနေတဲ့ …. အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာပါလို့ ပြောချင်ပါတယ် …… မေး ။ဘ၀တူ မသန်စွမ်း ညီအစ်ကို မောင်နှမတွေကိုလည်း အားပေးစကား ပြောပေးပါဦး ညီမလေး .... ဖြေ။ ။ဟုတ်ကဲ့ … မြန်မာပြည်က မသန်စွမ်းညီအစ်ကို မောင်နှမတွေအားလုံးကို …. အားပေးစကား ဆိုတာထက် … အားဆိုတာကို အတူတူ ဖော်ဆောင်ကြရအောင်လို့ ပြောချင်ပါတယ် …… လူတိုင်းလူတိုင်းမှာ အရည်အချင်းဆိုတာ ရှိပါတယ် ….. ငါကတော့ရွာမှာနေရလို့ … ငါကတော့ဘွဲ့မှမရလို့ ငါကတော့ ကျောင်းစာမှ မသင်ခဲ့ရတာစတဲ့ အားငယ်စရာတွေကို တွေးနေမယ့်အစား ကိုယ်လုပ်နိုင်တာကိုပဲတွေးပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူပါလို့ .…. ပြီးတော့လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ ပြောချင်ပါတယ် …... အပေါ်မှာပြောခဲ့တဲ့ သမီးရဲ့ ရည်မှန်းချက်တွေ ပြည်ဝဖို့အတွက် အားတွေလိုပါတယ်လို့ ..… အားလုံးရဲ့ခွန်အားတွေနဲ့ အတူတူ ကြိုးစားကြရအောင်ပါလို့ ပြောချင်ပါတယ်။ မေး ။အခုလို ပညာသင်ရင်း မအားလပ်တဲ့ကြားက အချိန်ပေး ဖြေဆိုပေးတဲ့အတွက် ကျမတို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က မစိုးမိုးဦးကို အထူးပဲ ကျေးဇူးတင်ပါတယ် .... ဖြေ။ ။ဟုတ်ကဲ့ … သမီးကလည်း အခုလိုဖြေကြားခွင့် ရတဲ့အတွက် တွေ့ဆုံမေးမြန်းပေးတဲ့ MILI Online Radio ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ် ….. ပြီးတော့သမီးကို တက္ကသိုလ် ဘွဲ့ရတဲ့အထိ နေပူမရှောင်၊ မိုးရွာမရှောင် နွံထဲဗွက်ထဲကနေ ကျောပိုး၊ ကျောင်းသွား၊ ကျောင်းပြန် အကြိုအပို့လုပ်ပြီး ပညာသင်ပေးခဲ့ကြတဲ့ သမီးအမေကြီးနဲ့ အဖေကြီး၊ အမေ၊ အဖေ၊ သမီးညီမလေးနဲ့ ဦးလေးတွေအားလုံး ….. ပြီးတော့ ကလေးဘ၀ကနေ အခုချိန်ထိ သင်ကြား ပြသပေးခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဂျပန်ပြည်ကနေ ရိုသေလေးမြတ်စွာ ဂါရ၀ပြုပါတယ်လို့ ….. ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ (မေး - မနွေးဇာခြည်စိုး၊ ဖြေ - မစိုးမိုးဦး) ********************************************** မညှိုးပန်းတို့၏ဒိုင်ယာရီကဏ္ဍကို နားသောတဆင်ပြီး ဝေဖန်အကြံပြုလိုပါက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံး၊ အမှတ် (၁၆)/ဘီ၊ ရေတွင်းကြီးလမ်းသွယ်၊ သာယာအေးလမ်း၊ ရဲရန်အောင်မှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း - ၀၉-၄၅၀၀၆၇၂၄၇ သို့လည်းကောင်း၊ အီးမေးလ်ဖြင့် ဆက်သွယ်လိုပါက mili.onlineradioprogram@gmail.com သို့ လည်းကောင်း ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံးရဲ့ ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနေပါတယ်။ ကျေးဇူးတင်ပါတယ်ရှင် ….. (မနွေးဇာခြည်စိုး) ********************************************** ယခုအစီအစဉ်လေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ Myanmar Independent Living Initiative မှ စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ယခုလို အချိန်မျိုးမှာလည်း မညှိုးပန်းတို့၏ဒိုင်ယာရီ အစီအစဉ်လေးကို ဆက်လက် တင်ဆက်သွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်အားပေး နားဆင်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုပါတယ်။ (မနွေးဇာခြည်စိုး)
    milionline... 00:10:21 800 2 Downloads 0 Comments
milionlineradio
  • milionlineradio
  • profile viewed 1423 times
  • message share profile
Who to Follow
X